77
စံပယ်ဖြူနု
“နှလုံးသားရဲ့ ကဗျာ”
‘ကျနော် မေမေ့ကို နောက်တကြိမ် ပြန်တွေ့ချင်ရုံလေးပါ’
ဒီစကားလုံးလေးတွေကို ဖတ်မိတဲ့အခိုက် ကျမ တခဏ ငြိမ်ကျသွားခဲ့ပါတယ်။ ရှေ့က ကွန်ပျူတာ မျက်နှာပြင်ကိုပဲ ငြိမ်သက်ငေးနေခဲ့မိတယ်။ ပြန်တွေ့ချင်ရုံလေးပါ တဲ့။ တဘဝလုံး အဝေးမှာ စောင့်ဆိုင်း လွမ်းဆွတ်နေခဲ့သူက သူ သိပ်လွမ်းနေရသူကို နောက်တကြိမ် ပြန်တွေ့ချင်ရုံလေးပါတဲ့လား။
စကားလုံးလေးတွေကို မျက်နှာမူနေရာကနေ အိမ်ကလေးရဲ့ နံရံကို ကျမ လှမ်းကြည့်မိတယ်။ နံရံဖြူဖြူလေးထက်မှာ တခုတည်းသော ပုံကားချပ်ကို ကျမ ချိတ်ဆွဲထားတယ်။ ပုံကားချပ်ဆိုတာထက် ပြက္ခဒိန်တခုလို့ ပြောရင် ပိုပြီး မှန်လိမ့်မယ်။ ပြက္ခဒိန်ရဲ့ ပထမဆုံး စာမျက်နှာမှာ 80th Birthday Calendar လို့ ရေးထားပါတယ်။ ပုံမှန်ဆိုရင်တော့ ပြက္ခဒိန်တွေဆိုတာဟာ သက်တမ်းတနှစ်ကုန်ဆုံးပြီးတဲ့နောက် ကျမတို့ အိမ်နံရံတွေထက်ကနေ နေရာ ရွေ့သွားကြမြဲ။ ဒီပြက္ခဒိန်လေးကတော့ ကျမ ရောက်လေသမျှ ရေကြည်မြက်နုရာ အရပ်တွေဆီ အမြဲ လိုက်ပါနေလိမ့်မယ်။ ပြက္ခဒိန် စာမျက်နှာတွေကိုတော့ လအလိုက် ကျမ မလှပ်ဖြစ်ဘူး။ အကြိုက်ဆုံး ပုံလေးမှာပဲ ရပ်ထားတယ်။ အဲဒီပန်းချီပုံထဲမှာ အန်တီစုက ပြုံးနေတယ်။ ဝမ်းနည်းလာချိန်၊ အားငယ်လာချိန်ဆို အဲဒီ အပြုံးမျက်နှာကို ကျမ ငေးနေလိုက်တာပဲ။ တယောက်တည်း မဟုတ်ဘူးပါဘူးကွယ် ဆိုတဲ့အသံဟာ ပြက္ခဒိန်လေးဆီက စိမ့်ထွက်လာလေ့ရှိတဲ့ ဘာသာစကား. . .။
အိမ်အပြင်ဘက်မှာတော့ ဇွန်မိုးစက်တွေဟာ မြေပြင်ပေါ် တစိမ့်စိမ့် ခုန်ဆင်းနေတုန်း။ ပြတင်းမှန်မှာ မိုးစက်မိုးငွေ့တွေ ခိုတွယ်နေကြတယ်။ ဇွန်လ တဖန် ရောက်ခဲ့ပြီ။ မြန်မာပြည်ရဲ့ မိုးရာသီ။ မိုးစက်ပွင့်လေးတွေနဲ့အတူ ကမ္ဘာမြေပေါ် ရောက်ရှိ မွေးဖွားလာသူဟာ အားလုံးရဲ့ အဝေးမှာ နေကောင်းကျန်းမာ ရှိပါရဲ့လား။
မိခင်မျက်နှာလေး ပြန်မြင်တွေ့ရဖို့၊ အသံလေး ပြန်ကြားရဖို့ စိတ်နှလုံး ပုံပြီး စောင့်ဆိုင်းနေတဲ့သူ၊ မိခင် အဆင်ပြေနေချိန်မျိုးဆိုရင် လူမြင်ကွင်းရဲ့ အဝေးမှာ အလိုက်တသိ နေပေးတတ်ပြီး မိခင် အခက်အခဲ အကျပ်အတည်းထဲ ကျရောက်နေချိန်၊ လိုအပ်လာချိန်ကျတော့မှသာ လိုအပ်သမျှ လုပ်နိုင်သမျှ အစွမ်းကုန် အားထုတ်ပေးနေရှာတဲ့ သားငယ်လေးရဲ့ မေမေ အစစ အဆင်ပြေနေပါရဲ့လား။
. . . .
ကျမတို့တွေဟာ တစုံတဦး သို့မဟုတ် တစုံတရာကို စောင့်ဆိုင်းခြင်းနဲ့ အသက်ရှင်ကြတယ် ဆိုတာ ဖြစ်ရိုးဖြစ်စဉ်ပေမဲ့ ကမ္ဘာမြေရဲ့ တနေရာရာမှာ ရှင်သန်နေကြောင်း သိခွင့်မရသေးသူကို စောင့်စားရခြင်းကတော့ အချိန်နဲ့အမျှ နာကျင်ရပါတယ်။ အဲဒီအတွေ့အကြုံမျိုးကို ဖြတ်သန်းခဲ့ဖူးပြီမို့ ဒီအနာကို ကျမ သေချာ သိပါတယ်။
လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ကျမတို့ မြို့ကလေး နေမကောင်းလို့ မိသားစုနဲ့ လချီ အဆက်အသွယ် ပြတ်တောက်သွားခဲ့ချိန်။ အဲဒီတုန်းကမှ ရင်ဝကို မီးစနဲ့ ထိုးသလိုဆိုတဲ့ စကားလုံးကို ကျမ နားလည်သွားခဲ့တယ်။ နေ့ရှိသရွေ့ သူတို့တွေအကြောင်း ကျမ တွေးတယ်။ ညညတွေဆို ဘယ်လိုမှ ဆောက်တည်ရာမရဘဲ ထိုင်ငိုနေမိတယ်။ အခုနေ ကျမက ပုံမှန်အတိုင်း သွားလာစားသောက်နေတဲ့အချိန်မှာ ကျမ မိသားစုဝင်ထဲက တဦးဦးဟာ ဒီကမ္ဘာက ထွက်သွားနှင့်ခဲ့တာလည်း ဖြစ်နိုင်တယ်။ သူတို့ တယောက်မှ မရှိတော့တာလည်း ဖြစ်နိုင်တယ်။ ဒီလိုပဲ ကျမ တွေးနေမိတယ်။ ကျမ သိပ်ကြောက်တဲ့အချက်ကတော့ တနေ့ အိမ်ပြန်ခွင့်ရတဲ့အခါ ကျမ ပြန်သွားတဲ့အရပ်မှာ ချစ်တဲ့သူတွေ ရှိမနေတော့ဘူး ဆိုတာမျိုးပေါ့။
အဲဒီအချိန်တုန်းက ကျမ နေထိုင်ရာ အရပ်နဲ့ မြန်မာပြည်ကြား အချိန်နာရီ ကွာခြားမှုအရ ညသန်းခေါင် အိပ်စက်ခါနီးဆို မြန်မာပြည်မှာ မနက် ၅ နာရီနီးပါး။ အမေဟာ အိပ်ရာက စောစော ထလေ့ရှိသူမို့ ဒီအချိန်ဆိုရင် အိပ်ရာက နိုးနေပြီပေါ့၊ ထမင်းဟင်းများ ချက်နေပြီလား၊ ဒါမှမဟုတ် အမေ မရှိတော့ဘူးလားလို့ ကျမ တွေးနေမိခဲ့တယ်။ အဲဒီနောက်တော့ ကောင်းကင်မည်းမှောင်မှောင်ထက်က ကြယ်ကလေးတွေကို မော့ကြည့်ပြီး ခပ်တိုးတိုး ကျိတ်ငို။ လူကို တမြေ့မြေ့ ကျွမ်းလောင်နေသလို အပူမီးနဲ့ နေထိုင်ခဲ့ရတဲ့ အဲဒီနှစ်လကျော် ဆိုတဲ့ကာလဟာ ကျမအတွက်တော့ နှစ်ကမ္ဘာလောက် ကြာခဲ့ပါတယ်။
ကင်မ့် မျက်နှာကို သတင်း စာမျက်နှာတွေ၊ ဗွီဒီယိုတွေကတဆင့် တွေ့မိတိုင်း ကျမ အဲဒီအချိန်ကာလကို ပြန်သတိရတယ်။ နှစ်လကျော်ကာလမှာတောင် ကျမဟာ စိတ်နဲ့ လူ မကပ်တော့သလောက် လွင့်ပါးနေခဲ့သေးတာ။ သူ့ခမျာ နှစ်ချီပြီး စောင့်ခဲ့ရရှာတယ်လေ။ အန်တီစုကို ‘မေမေ’ လို့ သူ ခေါ်တတ်တဲ့ အသံကို နားထောင်မိရင်ကို ဒီမိခင်အပေါ် ထားတဲ့ သူ့အချစ်ကို မြင်နေရတယ်လေ။
ဓာတ်ပုံဟောင်းတွေထဲမှာ မေမေ့လက်ကို ဆုပ်ထားတတ်တဲ့ ကောင်လေး၊ မေမေ ရှိရာဘက်ခြမ်းကို ခေါင်းကလေး ယိမ်းနေတတ်တဲ့ ကောင်လေး။ အဲဒီ မေမေ သူ့အနီးက ပျောက်သွားတဲ့အခါတုန်းက သူဟာ ဆယ်ကျော်သက်ရွယ်။ ကလေးတယောက်ရဲ့ ကမ္ဘာဟာ ဘယ်လောက်များ မှောင်အတိကျသွားခဲ့ပါလိမ့်။ မေမေ့ကို လွမ်းဆွတ်တမ်းတစိတ်နဲ့ ဘယ်လောက်များ ပင်ပန်းခဲ့ရှာမှာပါလိမ့်။ ဆယ်ကျော်သက်ရွယ်ဆိုတာ စိတ်ခံစားမှု အကူးအပြောင်းကာလ။ မေမေ့ကို အင်မတန် လိုအပ်နေခဲ့မယ့်အချိန်။ ဒီလိုအချိန်မျိုးမှာမှ မေမေဟာ အနီးက ထွက်သွားရက်ခဲ့တယ်လို့ တခွန်းတောင် မပြောခဲ့တာအတွက် ကျမတို့တွေ သူ့ကို အမြဲ ကျေးဇူးတင် အားနာရတယ်။
‘နိုင်ငံနဲ့ မိသားစုကြားမှာ ဘာကို ရွေးချယ်မလဲ မေမေ ဆုံးဖြတ်ခဲ့ရတယ်။ မေမေ အဲဒီလို နိုင်ငံကို ရွေးချယ်ခဲ့လို့ ကျနော် ဘယ်တုန်းကမှ မကျေမနပ် မဖြစ်ခဲ့ဘူး။ ကျွန်တော် မေမေ့ကို လိုအပ်တာထက် မြန်မာပြည်က မေမေ့ကို ပိုပြီး လိုအပ်ခဲ့ပါတယ်’ လို့ သတင်းမီဒီယာ အင်တာဗျူးတခုမှာ ကင်မ်က ပြောခဲ့တယ်။ မေမေ မရှိချိန် သူ့ဘဝ အထီးကျန်တယ်ဆိုတာ မှန်ပေမဲ့လည်း မြန်မာပြည်သူလူထုဟာ ဒီထက် ဆိုးတဲ့ ဘဝမျိုးလည်း ဖြတ်သန်းခဲ့ကြရမှာပါလို့ သူက စာနာစွာ ထပ်ဆင့် ဆိုခဲ့တယ်။
ကင်မ့်မေမေ မြန်မာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကင်မ်တို့ မိသားစုထံကနေ ၁၉၈၈ ခုနှစ်မှာ ခွဲခွာလာခဲ့ပါတယ်။ အချိန်က မြန်မာပြည်မှာ ဒီမိုကရေစီ အရေးတော်ပုံ ပေါ်ပေါက်နေချိန်။ အဲဒီအချိန်မှာပဲ ဘွားဘွား ဒေါ်ခင်ကြည် မကျန်းမာတာမို့ ပြုစုစောင့်ရှောက်ဖို့ မြန်မာပြည်ကို မေမေ ပြန်သွားတာဟာ ကင်မ်တို့ မိသားစုအတွက်တော့ ဘဝတဆစ်ချိုး။ မေမေ့ကို တခဏ နှုတ်ဆက်ရတာပဲ၊ သိပ်မကြာခင် မေမေ ပြန်လာမှာပဲလို့ အဲဒီတုန်းက ဆယ်ကျော်သက်ရွယ် ကင်မ်လေးက ထင်ကောင်း ထင်ခဲ့လိမ့်မယ်။ မေမေ ပြန်ရောက်လာရင်လို့ အစချီတွေးပြီး ရက်တွေကို လက်ရေချိုးနေခဲ့လိမ့်မယ်။
ဒါပေမဲ့လည်း အဲဒီကတည်းက သူဟာ မြန်မာပြည်သူတွေဆီ မေမေ့ကို အပြီးအပိုင် ပေးလိုက်ရတော့တာ. . .။
. . . .
ဒီအခွဲအခွာဇာတ်လမ်းဟာ ကျမကိုယ်တိုင် မိခင်ဖြစ်လာချိန်မှာတော့ ပိုပြီး ခံစားနားလည်နိုင်တဲ့ မြင်ကွင်းတခု ဖြစ်လာပါတယ်။ သားတွေကို ခွဲခွာချန်ထားပြီး ပုခုံးပေါ် ရောက်လာတဲ့ တာဝန်တွေကို ထမ်းယူခဲ့တဲ့ အန်တီစု နေရာ မကြာခဏ ဝင်ပြီး တွေးကြည့်မိတယ်။ အတွေးလေး တစလောက်နဲ့တင် ပင်ပန်းနာကျင်ရပါတယ်။ သမီးကို အဝေး တနေရာရာမှာ ချန်ထားရစ်ပြီး ကျမ နေနိုင်ရဲ့လား။ သမီး ငယ်တုန်းက အလုပ်ကိစ္စနဲ့ တပတ်လောက် ခွဲရရင်တောင် အဝေးမှာ ကျမ မျက်ရည်ကျနေခဲ့ရတာ။ ဘယ်လိုအင်အားမျိုးနဲ့ ခွဲထားနိုင်ပါ့မလဲ။ အခုလို နှစ်ပေါင်း ဆယ်ချီ ရင်သွေးတွေနဲ့ ဝေးကွာနေတဲ့အခါ ဘယ်သောအခါ ပြန်တွေ့ရမှန်း မသိလောက်အောင် ခွဲခွာနေရတဲ့အခါ ဘယ်လို စိတ်ခွန်အားမျိုးနဲ့များ ရင်ဆိုင်ရပ်တည်ခဲ့ပါသလဲ။ မြန်မာပြည်သူတွေအပေါ် ထားအပ်တဲ့ မေတ္တာဟာ အရာရာကို တောင့်ခံရင်ဆိုင်ဖို့အတွက် ဒိုင်းကာတခု ဖြစ်ခဲ့ပါသလား။
ကင်မ့်မေမေဟာ ဒီနှစ်မှာ အသက် ၈၁ နှစ်ပြည့်ပါတယ်။ ၁၉၄၅ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့မှာ မွေးဖွားခဲ့သူမို့ ပထမဆုံးအကြိမ် နေအိမ်အကျယ်ချုပ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရချိန်တုန်းက အသက် ၄၄ နှစ် ပြည့်ပြီးခါစ။ ဘဝရဲ့ အလင်းလက် အတောက်ပဆုံး အချိန်ကာလ။ အိပ်မက်တွေကို ပုံဖော်ထုဆစ်ဆဲ လမ်းခုလတ် အစိတ်အပိုင်း။ ၁၉၈၉ ခုနှစ်ကနေ အခုအချိန်အထိဆိုရင်တော့ နေအိမ်အကျယ်ချုပ်၊ ထောင်ဒဏ် ဖမ်းဆီးထိန်းသိမ်းခြင်းကို အကြိမ်ကြိမ် ခံခဲ့ရတယ်။ အသက် ၈၁ နှစ်မှာ နှစ်ပေါင်း ၂၀ ကျော်ကို ဒီမိုကရေစီ ခရီးကြမ်းအတွက် စတေးခဲ့ရပါတယ်။ လူလတ်ပိုင်းအရွယ်ရဲ့ အကောင်းဆုံး အချိန်တွေ၊ လွတ်လပ်မှုတွေကို စတေးရတာတင် ဘယ်ကပါ့မလဲ။ သူ တည်ဆောက်ခဲ့တဲ့ မိသားစုဘဝကို စွန့်လွှတ်ခဲ့ရတာ၊ ချစ်ရသူတွေနဲ့ ကွေကွင်းရတာတွေကလည်း အပါအဝင်ပေါ့။
မိခင်တဦးအတွက်ဆိုရင်တော့ သားသမီးကို ခွဲခွာချန်ထားခဲ့ရတာလောက် ကြီးမားတဲ့ ဆင်းရဲခြင်းက ဘာများ ရှိပါ့မလဲ။ ပြီးတော့ ချစ်ရသူက အဝေးမှာ ဆုံးပါးတော့မယ့်အချိန် တဖက်ကလည်း လိုက်မလာနိုင်၊ ကိုယ်ကလည်း လိုက်မသွားနိုင်တာလောက် နာကျင်ရတဲ့အဖြစ်က ဘာများ ရှိပါ့မလဲ။ အဲဒီအချိန်တုန်းကသာ အန်တီစု မြန်မာပြည်ထဲက ထွက်ခွာသွားခဲ့ရင် ခင်ပွန်းသည်အတွက်တော့ ဇနီးကို နောက်ဆုံးအကြိမ် မြင်ခွင့်ရခဲ့တာ ဖြစ်လိမ့်မယ်။ သားတွေအတွက်လည်း ဖခင် မရှိတော့ချိန်မှာ အရိပ်မိုးထားပေးမယ့် မေမေ ပြန်ရောက်လာပြီမို့ အားဖြစ်လိမ့်မယ်။
သို့ပေမဲ့ ထွက်ခွာခဲ့တဲ့ မြန်မာပြည်တွင်းကိုတော့ နောက်တကြိမ် ပြန်ဝင်ခွင့် ရတော့မှာမဟုတ်။ အမျိုးသမီးတဦးအပေါ် အငြိုးအတေး၊ အကြောက်တရား ကြီးမားသူ လူတစုဟာ ဘယ်နည်းနဲ့မှ တိုင်းပြည်ထဲ နောက်တကြိမ် ပြန်ဝင်ခွင့်ပြုတော့မှာမဟုတ်။ ခေတ်အမှောင်ဟာ ကြီးစိုးမြဲ ကြီးစိုးနေလိမ့်မယ်။ လွတ်လပ်ရေး ရပြီးကတည်းက ငြိမ်းချမ်းခြင်းအရသာကို ပြည့်ပြည့်ဝဝ မခံစားခဲ့ရတဲ့ တိုင်းပြည်ငယ်လေး။ အရပ်မျက်နှာတိုင်းမှာ သဘာဝတရားရဲ့ အကောင်းဆုံး လက်ဆောင် သယံဇာတတွေ ရှားပါးစွာ ပြည့်ဝနေပါလျက် အဆင်းရဲဆုံး စာရင်းဝင် နိုင်ငံထဲက ခေတ်အဆက်ဆက် ဒုက္ခခံ ပြည်သူတွေ။ ဒီနိုင်ငံလေးထဲမှာပဲ ကင့်မ်မေမေက ဆက်နေဖို့၊ မြန်မာပြည်သူတွေနဲ့ အတူရှိဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ကင်မ့်အတွက်တော့ မိခင်အရိပ်က အဝေးရပ်မှာ ရှိနေချိန် ဖခင်ကိုပါ စွန့်လွှတ်ရတဲ့အခါ သူ ဖြတ်သန်းခဲ့ရတဲ့ ဘဝက ခက်ခဲပင်ပန်းခဲ့မှာပါ။ ဒါပေမဲ့ ကင်မ့်ဆီက ညည်းတွားပြစ်တင်သံ မကြားစဖူး။ သူ့မျက်နှာကို စေ့စေ့ကြည့်ရင် အန်တီစုကို မြင်နေရသလို ခံစားရမြဲ။ ငြိမ်းချမ်းမှု၊ ကြည်လင်မှု. . .ပြီးတော့ မေတ္တာတရား။
“မိသားစု ပြိုကွဲသွားပြီးတဲ့နောက်၊ အထူးသဖြင့် သူတို့ ဖေဖေဆုံးပါးသွားပြီးတဲ့နောက် သားတို့ခမျာ အဆင်မပြေမှုတွေ အများကြီး ရှိခဲ့ပါတယ်၊ မိုက်ကယ်က သိပ်ကောင်းတဲ့ ဖခင်မို့ သူ မရှိတော့တဲ့နောက်ပိုင်းမှာ သားတို့အတွက် အရာရာ မလွယ်ကူတော့ပါဘူး။ ဒါပေမဲ့ ကျမရဲ့ သားတွေက ကျမအပေါ် သိပ်ကောင်းပါတယ်။ သူတို့ ကျမကို ကြင်နာတယ်၊ နားလည်ပေးကြတယ်” လို့ အန်တီစု ပြောခဲ့ဖူးတာကို သတင်းမီဒီယာစာမျက်နှာမှာ ကျမ ဖတ်ခဲ့ရတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်တုန်းက ကင်မ် မြန်မာပြည်ကို လာရောက်ခွင့်ရချိန် သားဖြစ်သူနဲ့ ဝမ်းနည်းဝမ်းသာ ပြန်လည်ဆုံတွေ့ခိုက်မှာ ပြောခဲ့တာပေါ့။ သတင်းဓာတ်ပုံတွေထဲမှာတော့ ကင်မ့်အပြုံးဟာ တောက်ပလို့။ မေမေ့ကို ငုံ့မိုးကြည့်နေခဲ့တဲ့ မျက်လုံးတွေမှာ ဝမ်းသာလှိုက်လှဲခြင်း၊ အလွမ်းပြေခြင်း။
အသက် ၁၁ နှစ်အရွယ်ကစပြီး လက်ရှိအချိန်အထိ ကင်မ် မေမေ့ကို ပြန်လည်ဆုံတွေ့ခွင့် ရခဲ့တဲ့ အကြိမ်ရေဟာ လက်ချိုးရေလို့တောင် ရမယ်ထင်ပါတယ်။ နေအိမ်အကျယ်ချုပ် ကျနေချိန် ၁၉၉၀ ပြည့်နှစ် အစောပိုင်းကာလတွေမှာ ဖခင်နဲ့အတူ တကြိမ် လာရောက်တွေ့ဆုံဖူးတယ်လို့ အချက်အလက်တွေ လိုက်ရှာရင်း ကျမ ဖတ်မိဖူးတယ်။ အဲဒီကနေစလို့ မေမေ့ကို တွေ့ခွင့် မရှိတော့တာ နှစ်ပေါင်း ၂၀ နီးပါး။ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလမှာမှ တခါ ပြန်ဆုံရရှာ။ နိုင်ငံရေး အခင်းအကျင်း သာယာချိန်မှာလည်း ကင်မ်ဟာ မေမေ့ဆီ အလွမ်းပြေ လာလာတွေ့နိုင်ခဲ့တယ်။ မေမေ့ အချစ်တော် ခွေးကလေး တိုက်ချီဒိုဟာ ကင်မ် လာရောက်ချိန်တုန်းက ပေးခဲ့တဲ့ သူ့အရိပ် လက်ဆောင်မွန်။ သားအမိနှစ်ဦး အတူ ကုန်ဆုံးခဲ့တဲ့ လှပသော အချိန်နာရီများ။ ခုတော့ အရာရာဟာ အတိတ်မှာ လွမ်းစဖွယ် ကျန်ရစ်ပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်က စလို့ ဒီနေ့အထိ ကင်မ်ဟာ မေမေနဲ့ အဆက်အသွယ် လုံးဝနီးပါး ပြတ်တောက်နေခဲ့ပြီး လွန်ခဲ့တဲ့ သုံးနှစ်လောက်ကသာ စစ်ဆေး ဖြတ်တောက်ခံထားရတဲ့ စာတစောင်ကို လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။
“အခုဆိုရင် မေမေ အသက်ရှင်လျက် ရှိနေသေးရဲ့လားဆိုတာကိုတောင် သိနိုင်မယ့် နည်းလမ်း လုံးဝ မရှိပါဘူး။ အခုအချိန်အထိ မေမေ့ကို ဘယ်သူမှ မတွေ့ရတာ ကြာပါပြီ” လို့ မိခင်ဖြစ်သူ လွတ်မြောက်ရေး၊ ရှင်သန်နေကြောင်း သက်သေရရှိရေး ကြိုးပမ်းနေတဲ့ ကင်မ်က ဇွန် ၁၁ ရက်နေ့မှာ သတင်းမီဒီယာကို ပြောခဲ့တယ်။
“ကျနော့် မေမေ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့အတွက် ဖေဖေဟာမေမေ့ကို နောက်ဆုံးအကြိမ်လေးတောင် မတွေ့လိုက်ရဘဲ ကွယ်လွန်သွားခဲ့ရပါတယ်။ အခု ကျနော့်ဆန္ဒကတော့ ရိုးရိုးရှင်းရှင်းပါပဲ။ မေမေ့ကို နောက် တကြိမ် ပြန်တွေ့ချင်တယ်၊ ပြီးတော့ မေမေ ကျန်းကျန်းမာမာ ရှိရဲ့လားဆိုတာကိုပဲ သိချင်ပါတယ်”
ဒီစကားလုံးလေးတွေထဲမှာ တချိန်တခါက ဖြစ်ပျက်ခဲ့တဲ့ ဝမ်းနည်းစရာ လမ်းခွဲကို ကျမ မြင်ပါတယ်။ ဒီလို ဖြစ်ရပ်မျိုး နောက်တကြိမ် ပြန်ကြုံရမှာ စိုးရိမ်နေရှာတဲ့ သားငယ်လေးကိုလည်း ကျမ တွေ့ခဲ့ပါတယ်။
. . . .
ခုတလော သီချင်းတပုဒ်ကိုပဲ ကျမ ထပ်တလဲလဲ နားထောင်မိနေတယ်။ အလုပ်လုပ်နေတာလည်း ဖြစ်ရင်ဖြစ်မယ်၊ အစားအစာ ချက်ပြုတ်နေတာလည်း ဖြစ်ရင် ဖြစ်မယ်။ ဒါပေမဲ့ ဒီသီချင်းကိုပဲကျမ ဖွင့်ထားမိတယ်။ သီချင်းစာသားတွေမှာ ပါဝင်တဲ့ စကားလုံး တလုံးချင်း၊ တေးသွားတစချင်း၊ အဆိုရှင်ရဲ့ ခံစားမှု တရစ်ချင်း ကျမ စိတ်ထဲ စိမ့်ဝင်လာတဲ့အထိ။ နားထောင်ပြီးသား သီချင်း နောက်တကျော့ ပြန်စလို့ တေးသွားလေး ပြန်ကြားလိုက်ရင်လည်း လူက ငြိမ့်ကနဲ ဖြစ်မြဲ။ စိတ်ဟာ အတိတ်နဲ့ ပစ္စုပ္ပန်ကြား ကူးလူးနေသလို အဝေးက အိမ်ဆီ ပြန်ရောက်သွားသလိုလို၊ တစုံတဦးကို လွမ်းဆွတ်သလို။ ငိုချင်တယ် မေမေ အခု အရမ်းဝမ်းနည်းနေ. . .မေမေ နေကောင်းလား မေမေ. . .တဲ့။
ထူးအိမ်သင်ရဲ့အသံဟာ ချိုသာမြဲ။ ဂီတအပေါ် နှစ်ဝင်ထားတဲ့ ခံစားမှုဟာလည်း လှပမြဲ။ ပုံမှန်ဆိုရင်တော့ သူ့ရဲ့ ကျော်ကြားလှတဲ့ အမေ့မေတ္တာဖွဲ့ သီချင်းတွေကို ကျမ နားထောင်လေ့မရှိဘူး။ နားထောင်နိုင်စွမ်း မရှိခဲ့ဘူးလို့ ပြောရင် ပိုပြီး မှန်လိမ့်မယ်။ အမေ့အိမ်ဟာ ကျမတို့နဲ့ ဟိုးအဝေးကြီးမှာ။ အိမ်ကို ဘယ်တော့ ပြန်ရောက်မလဲလို့ ကျမတို့ မသိကြဘူး။ အိမ်တံခါးဟာ ဖွင့်ထားမြဲ။ အဲဒီ တံခါးတွေဆီ လျှောက်ရတဲ့လမ်းကလည်း ရှည်လျားမြဲ ရှည်လျားနေတုန်း။ ဒါကြောင့် ကိုယ့်မိခင်ကို၊ မိခင်များစွာကို မြင်နေရတဲ့ အဲဒီသီချင်းတွေကို ကျမ နားမထောင်လိုဘူး။ စိတ်က သိပ်ပြီး အားလျော့နေတဲ့ အခိုက်ဆိုရင် ‘ကြယ်တွေစုံတဲ့ည’ သီချင်းထဲက ‘အိမ်ပြန်ချင်ပေမဲ့. . .မပြီးဆုံးတမ်း အိပ်မက်ရှည်တွေနဲ့’ ဆိုတဲ့ စာသားလောက်နဲ့တင် ကျမက မျက်ရည်ကျချင်လည်း ကျနေတော့တာ။ ဒီတော့ အမေ့သီချင်းတွေနဲ့ ဝေးဝေး နေလိုက်တော့တာပဲ ဆိုပါစို့။
ခုတလောတော့ ကျမဟာ နားထောင်ရမှာ စိုးကြောက်လှတဲ့ သီချင်းတွေဆီပဲ ပြန်ရောက်နေတယ်။ အထူးသဖြင့် ကျမတို့တွေ ချစ်ခင်ရတဲ့ အန်တီစုနဲ့ ကင်မ့်ကို တွဲမြင်လေ့ရှိကြတဲ့ ‘မေမေ နေကောင်းလား’ ကို ထပ်တလဲလဲ နားထောင်မိနေတယ်။ အလွမ်းစိတ်ဟာ သီချင်းသံ လွင့်ပျံ့နေတဲ့ အခန်းထဲ နွေဦး ပန်းဝတ်မှုန်တွေလို ဝေ့ဝေ့လည်။
မေမေ နေကောင်းလား. . .မေမေ နေကောင်းရဲ့လား။ ဒီလို မေးခွန်းလေးတခုတောင် မေးခွင့်မရရှာသူကိုလည်း သီချင်းသံ လွင့်အပျံ့မှာ ကျမ ပြေးမြင်မိတယ်။
အခုနေသာ စကားပြောခွင့်ရရင် ‘မေမေ့ကို ချစ်တယ်၊ ကျနော်တို့အားလုံးက မေမေ့ကို လွမ်းနေကြောင်း၊ မေမေ နေကောင်းကျန်းမာပါစေလို့ ဆုတောင်းနေကြကြောင်း ပြောချင်တယ်’ လို့ ကင်မ်က ဆိုတယ်။ ‘ကျနော်တို့အားလုံး’ ဆိုတဲ့ စကားလုံးလေးကို ကျမ သဘောကျတယ်။ ဟုတ်ပါတယ်. . .ယုံကြည်ရာလမ်းတူသူ ကျနော်တို့အားလုံး၊ ကျမတို့ အားလုံး လွမ်းနေပါတယ်။ လွမ်းနေခဲ့ကြပါတယ်။
တဘဝလုံး စောင့်ဆိုင်းခြင်းနဲ့သာ ရှင်သန်ခဲ့ရသူဟာ ခုထိလည်း စောင့်စားနေမြဲ။ မေမေ့မျက်နှာကို တကြိမ်ပဲ ဖြစ်ဖြစ် ပြန်မြင်ရဖို့၊ မေမေ့အသံကို ပြန်ကြားရဖို့ သူ စောင့်နေမြဲ။
လှပတဲ့ ဇာတ်သိမ်းခန်းလေးကိုပဲ ကျမတို့ မြင်တွေ့ခွင့်ရချင်ပါတယ်။
(*မေမေ နေကောင်းလား သီချင်းထဲက ‘နှလုံးသားရဲ့ ကဗျာ’ စာသားကို ခေါင်းစဉ်အဖြစ် အသုံးပြုထားပါတယ်)
Have any thoughts?
Share your reaction or leave a quick response — we’d love to hear what you think!
