စကော့ပြည်က ဘစ်ဒယ်ဒီ

ညီလင်းအိမ်

by The Call
1 views
“စကော့ပြည်က ဘစ်ဒယ်ဒီ”
◾️ ညီလင်းအိမ်
လက်ရှိကိုယ့်ပြည်မှာလည်း မအလနဲ့ နောက်ပါအာဏာရှင်တွေကို အမြစ်ဖြတ်နေရတော့ ဒီရုပ်ရှင်နဲ့ပတ်သက်ပြီး ပြောချင်စိတ်တွေ ရှိလာတယ်။ ခုရုပ်ရှင်ထဲက စစ်အာဏာရှင်ဆိုတာက လက်ရှိရာစုနှစ်ထဲမှာလည်း အယုတ်မာအရက်စက်ဆုံး စာရင်းဝင်ထားသူ ဖြစ်တယ်။ ယူဂန်ဒါနိုင်ငံမှာ သူ အာဏာရတဲ့ 1971 ကနေ 1979 ခုနှစ်အတွင်း နိုင်ငံသား‌ပေါင်း ငါးသိန်းကျော်အထိ သေဆုံးခဲ့တယ်။ အခြားသော လူ့အခွင့်အရေးဆိုင်ရာ ဖိနှိပ် ညှင်းပန်းမှုတွေ၊ ရာဇဝတ်မှုတွေကလည်း ထုံးစံအတိုင်း စစ်အာဏာရှင် လက်အောက်ဆိုတော့ ပြောမကုန်အောင်ပေါ့။
သူ့အကြောင်းကို ရုပ်ရှင်အဖြစ် ပြန်ကြည့်ရတော့ အမေရိကန်သား ဟောလိဝုဒ် လူမည်းသရုပ်ဆောင် Forest Whitaker က သူ့နေရာကနေ သရုပ်ဆောင်ပါတယ်။ သူက ဟောလိဝုဒ်မှာဆိုရင် ဇာတ်ပို့နေရာမျိုးမှာ အများဆုံးတွေ့ရတဲ့ သူ။ သူ ဘယ်လောက် သရုပ်ဆောင် အရည်အချင်း ရှိသလဲဆိုတာ ရထားတဲ့ ထူးချွန်ဆုတွေကနေ သိနိုင်တယ်။ ရွှေကမ္ဘာလုံးဆု၊ ဗြိတိန်ကပေးတဲ့ သရုပ်ဆောင်အကယ်ဒမီဆု အဲလိုကနေ ခုရုပ်ရှင်မှာတော့ အာဏာရှင် ဗိုလ်ချုပ်မှုးကြီးရဲ့ ဇာတ်ရုပ်အတွက် အော်စကာပါ ဆက်ရတယ်။ ယူဂန်ဒါ စစ်အာဏာရှင်ကြီး Idi Amin ရဲ့ ဇာတ်ရုပ်ဆိုပါတော့။
သူနဲ့အတူ နာမည်ကြီး စကော့မင်းသား James McAvoy ပါတယ်။ ရုပ်ရှင်က စစ်အာဏာရှင်အောက်က ချို့ယွင်းပျက်ပြားလာတဲ့ နိုင်ငံအခြေအနေ‌ကို သူတို့တွေ အမြင်ကနေပဲ လှစ်ခနဲပြတာ။ နောက်လိုက်စစ်သားတွေက အောက်ခြေပြည်သူပြည်သားတွေ အပေါ်ကို သတ်ဖြတ်ဖိနှိပ်နေတာတွေကို အသားပေးပြတာမျိုးလည်း မဟုတ်ဘူး။ ဆိုတော့ ကျနော်တို့တွေ မြင်ကြတာမျိုးက အကယ်ဒမီပေးရမယ့် ဇာတ်ရုပ်ဆို တလုံးတခဲကြီးပြောပစ်မှ၊ သူ့ရဲ့ ပိုလွန်လွန်းတဲ့ ဟန်ပန်ကြီးတွေနဲ့ တကားလုံးကို လွှမ်းခြုံပေးနိုင်မှ ‌သရုပ်ဆောင်ကောင်းတယ် ဘာညာ ထင်ကြတာကို:။
ဒီရုပ်ရှင်ထဲမှာ Forest Whitaker သရုပ်ဆောင်သွားပုံက အဲသလိုတွေနဲ့ ဖီလာဖြစ်နေပါတယ်။ သူ့အကြောင်း ထင်ရှားစေရမယ့် ဇာတ်ဝင်ခန်းဆိုလည်း ချွေးတလုံးလုံးနဲ့ ကျီးကန်းတောင်းမှောက်မျက်လုံးနဲ့ ဘယ်သူ့ကိုမဆို အယုံအကြည်မဲ့နေတဲ့ ပုံသဏ္ဍာန်ကို မြင်သိစေရုံပဲ ဖော်ပြသွားတယ်။ ဒီကားထဲမှာ စကော့တလန်ကနေ ဆရာဝန်ဘွဲ့ရပြီး ယူဂန်ဒါကို ခြေဆန့်လာတဲ့ လူငယ်လေးအမြင်ကနေပဲ ကျနော်တို့တွေဟာ စစ်အာဏာရှင် စရိုက်ကို ရှု့မြင်ရတာဖြစ်တယ်။ ဆရာဝန်တွေရှိနေတဲ့တိုင် ယူဂန်ဒါ ပြည်သူတွေဟာ မှော်ဆရာတွေ၊ နတ်ဆရာတွေ၊ သဘာဝလွန်ကိစ္စတွေကိုပဲ ပိုယုံ လွန်ကဲနေကြတဲ့ အဲဒီလိုနိုင်ငံမျိုးမှာ စကားကိုရေလဲသုံးပြီး အရှက်တရားကင်းမဲ့ကြတဲ့ စစ်အာဏာရှင်လို လူတန်းစားတွေ အာဏာရတာလည်း ကိုယ့်ပြည်က လက်ရှိအခြေအနေတွေနဲ့ ထပ်တူညီတာကို ‌တွေ့ရပါတယ်။ အမျိုးဘာသာသာသနာဆိုတာ ဒီလို စစ်ဗိုလ်တွေ၊ ပြတ်ပြတ်သားသားလုပ်ရဲတဲ့သူတွေက ကာကွယ်မှ မပျက်စီး မပျောက်ကွယ်မှာ စသဖြင့် ဘာသာတရားကို အရေခြုံပြီး အသုံးချ ဖျက်ဆီးနေကြတဲ့ ရဟန်း သံဃာအတုအယောင်များကနေတဆင့် ပြည်သူလူထုထံကို အသိဥာဏ် မှိုင်းတိုက်စေတာမျိုးနဲ့ ထူးမခြားနားတဲ့ အခြေအနေမျိုးတွေ ဖြစ်တယ်။
အတွေးအခေါ် အသိဉာဏ် မျိုးတုံးလာတာနဲ့ အမျှ ဒီလိုလူတွေကို ဘာသာတရားနဲ့ဖြစ်စေ ယုတ္တိယုတ္တာ မရှိလှတဲ့ အခြားအကြောင်းအရာတွေနဲ့ ဖြစ်စေ ဖိနှိပ်ချယ်လှယ်ဖို့ စစ်အာဏာရှင်နဲ့ နောက်ပါတွေဟာ အသင့်ရှိနေကြပါတယ်။ ထုံးစံအတိုင်း မအလလို ဒီစစ်ဗိုလ်ကြီးကလည်းလက်နက်အားကိုးနဲ့ ရှိရင်းစွဲ အစိုးရကို ဖြုတ်ချလိုက်ပြီး အာဏာရလာတော့ စကားတွေက ရွှန်းရွှန်းဝေပေါ့။ မိဘပြည်သူများအတွက် တိုးတက်တဲ့ နိုင်ငံကြီးဖြစ်အောင် ထူထောင်ပေးမယ် ဘာညာတော်ကီတွေ ပစ်တာကို အဲက ပြည်သူတွေ မပြောနဲ့ စကော့သားဆရာဝန်လေးတောင် အဟုတ်တွေ မှတ်ထင်သွားတာပဲလေ။
တကယ်တမ်းမှာတော့လည်း အင်အားကြီးနိုင်ငံက တာဝန်ရှိသူတွေ ဆိုတာမျိုးကလည်း ခုလိုသူဆင်းရဲတိုင်းပြည်ကလေးတွေကို ကူညီဖို့ဆိုတာထက် ဒီမှာသူတို့အတွက် ဘယ်လို စားပေါက်ရှိမလဲ။ ဘယ်လိုလုပ်ပိုင်ခွင့်တွေ နှိုက်ယူရမလဲ။ ဘယ်လို အကျိုးစီးပွါးတွေကို ရရှိနိုင်မလဲ စလို့ချောင်းမြောင်းနေကြသူတွေသာ များပါတယ်။ ဖိနှိပ်ခံရမှုတွေအောက်ကနေ သိမ်ငယ်စိတ်တွေများစွာနဲ့ ရှင်သန်လာရပုံရတဲ့ ဒီအာဏာရှင်ကြီးကလည်း သူ့နိုင်ငံမှာ လာနေကြတဲ့ မျက်နှာဖြူများအပေါ်ကို မျက်မုန်းကျိုးပုံရပါတယ်။
လူငယ်တယောက်ရဲ့ အရိုင်းဆန်တဲ့စိတ်တွေနဲ့ ‌ယူဂန်ဒါကို ရောက်လာတဲ့ ဒီဆရာဝန်ပေါက်စကလေးကလည်း ဘာလေးနက်မှုမှ မရှိတာဘဲလေ။ သူတို့လိုပဲ ဆေးကုနေတဲ့သူတွေနဲ့ လိုက်မယ်။ ယူဂန်ဒါသူ ညိုပြာညက်ကလေးတွေနဲ့ အဆင်သင့်ရင် နှစ်ပါးသွားမယ်။ ဒီလောက်ပဲ။ အဲလိုကနေမှ စစ်အာဏာရှင်ရဲ့ လက်ပါးစေနေရာကို ရောက်မှန်းမသိ ရောက်သွားခါမှ အိပ်မက်ဆိုးမက်နေတာထက် ပိုလွန်လာမှန်း သူသိလာခဲ့တာ ဖြစ်တယ်။
မယားပေါင်းမြောက်မြားစွာကို ယူငင်ပေါင်းသင်းနေတဲ့ စစ်အာဏာရှင်ကြီးဟာ သူနဲ့မတူ ရန်သူဆိုရင် ကိုယ့်ဆီကလိုပဲ ဖမ်းဆီးအကျဉ်းချတယ်။ ရှင်းလင်းသတ်ဖြတ်ပစ်တယ်။ ပြီးတော့ တိုင်းပြည်ဘဏ္ဍာကိုလည်း အိတ်ကပ်ထဲပဲ ထည့်တယ်။ အဲဒီလိုကနေ နှစ်ကာလမကြာခင်မှာပဲ တတိုင်းပြည်လုံးဟာ အငတ်ဘေး ‌ဆိုက်ကပ်လာတယ်။ ဘာပဲဖြစ်ဖြစ် သူကတော့ မယားငယ်တွေ တသိုက်နဲ့ပဲ ရေကူးကန်ဘေးမှာ ပါတီတွေလုပ်ရင်း ပျော်ပါးနေတယ်။ သူ့နံဘေးမှာတော့ သူနဲ့ပနံသင့်တဲ့သူတွေ၊ လက်ပါးစေတွေနဲ့ အခွင့်အလမ်းကောင်းရဖို့ပဲ ကပ်ရပ်နေတဲ့ အခြားသော နိုင်ငံခြားသားတွေကို မြင်ရနိုင်တယ်။
တနိုင်ငံလုံးမှာတော့ သူအမိန့်ပေးထားတဲ့ စစ်သားလက်ပါးစေတွေဟာ အောက်ခြေပြည်သူတွေကို အားရပါးရ နှိပ်စက်ညှင်းပန်းနေချိန်၊ တပြည်လုံး ပွက်လောရိုက်နေချိန်မှာ သူကတော့ ပါတီပေးမပျက်သူကြီး၊ ခေတ်မီတဲ့ နိုင်ငံ့ခေါင်းဆောင်ကြီးအသွင်ပေါ့။ ဒါပေမဲ့လည်း ဘဝစင်စစ်ထဲမှာတော့ သူဟာ သူ့ကိုယ်သူကလွဲလို့ ဘယ်သူကိုမှ ယုံကြည်ပုံလည်း မရ။ အချိန်မရွေး လုပ်ကြံခံရ၊ ဖြုတ်ချခံရနိုင်တယ် ဆိုတဲ့ အတွေးတွေနဲ့ပဲ အကြောက်တရားများစွာနဲ့ ရစ်ပတ်လွန်ကဲနေတဲ့ အသွင်ကို တွေ့မြင်ရပါတယ်။ ကျီးကန်းတောင်းမှောက် မျက်လုံး၊ ဂနာမငြိမ်ဖြစ်နေတဲ့ မျက်နှာထားနဲ့ပဲ လက်ရှိသူရယူထားတဲ့ ရာထူးဂုဏ်သိမ်က သူ့အတွက် လုံခြုံပျော်ရွှင်မှု ဖြစ်စေတာလည်း သေချာရဲ့လား မသိနိုင်။ ဒီလူကြီးက ညတွေဆိုလည်း ဘယ်လိုများ စိတ်ချလက်ချ အိပ်ပျော်လို့ ရနိုင်ပါ့မလဲ။
ယခုရုပ်ရှင်ပြကွက်တွေမှာ ဆရာဝန်အမြင်ကနေ ကြည့်လိုက်ရင် ဒီစစ်အာဏာရှင်ဆိုသူကြီးဟာ ခေါင်းဆောင်တယောက်ဖြစ်ထိုက်တဲ့ နောက် တတိုင်းပြည်လုံးကို စီမံခန့်ခွဲနိုင်စွမ်းရှိတဲ့ အရည်အသွေး ဘာတခုမှ ရှိမနေသလို ဒီလိုလူတယောက်က ဘယ်လိုပုံနဲ့များ ခုလိုနေရာကို ရနေသလဲဆိုပြီး အံ့အားသင့်ဖွယ် အမြင်မျိုးသာ ဖြစ်စေနိုင်တာပါ။ သူ့ကိုယ်ကျိုးနဲ့ သူ့အတ္တလုံခြုံဖို့ပဲ အဓိကထားကြည့်သူ။ ပြည်ပရပ်ခြားက သတင်းသမားတွေကိုလည်း ဘယ်လိုဘယ်ပုံပြောရမှန်းမသိ။ သမ္မတရုံးခန်းထဲမှာ နောက်လိုက်ကလေကဝ လက်ပါးစေတွေနဲ့အတူ ညစ်ညမ်းရုပ်ရှင်တွေကိုပဲ ထိုင်ကြည့်နေသူ။ တိုင်းပြည်တခုလုံးက စက်ဆုပ်လာမှန်း သိပေမဲ့လည်း ဒီနေရာကို စွန့်လွှတ်ဖို့ ဝေးစွ။ ပိုင်ဆိုင်ထားတဲ့ လက်နက်အားကိုးနဲ့ပဲ သူ့အာဏာကို ရန်ပြုမယ့်သူ ထင်မှတ်သမျှကို ပစ်ခတ်သတ်ဖြတ်ဖို့သာ တာစူနေသူ စလို့ သူ့ရဲ့ ရွံရှာစက်ဆုပ်ဖွယ်ရာ စစ်အာဏာရှင်များရဲ့ ထပ်တူညီတဲ့ စရိုက်မှန်တွေကို သရုပ်ဆောင် Whitaker က အလွန်အကျွံလုပ်ပြနေတဲ့ စကားတွေ၊ မျက်နှာအမူအယာ အပိုအလွန်ကြီးတွေလည်း မပါဘဲ ပေါ်လွင်သိသာစေအောင် ဝင်စားသရုပ်ဆောင်ပြသွားတာကို ရှု့မြင်ရပါတယ်။ ကြည့်ရှု့ရသူ အဖို့မှာတော့ နိုင်ငံရေမြေတွေ မတူညီကြပေမဲ့လည်း မိတ္တူပွါးထားတာထက်တောင် ပိုလို့ တထေရာတည်းထပ်တူကျစေနိုင်တဲ့ စစ်အာဏာရှင်များရဲ့ တူညီသော စရိုက်လက္ခဏာများအတွက် အံ့အားသင့်ကြရမယ် ထင်ပါရဲ့။ ကိုယ်တို့ပြည်က မအလကလည်း လက်ရှိ မြင်ကြရမှုမှာ တပုံတည်း ဖြစ်နေရတာ မဟုတ်လား။ မည်သူ့ကိုမှ မယုံကြည်တာမို့ သုံးလတကြိမ်လောက်တောင် နောက်လိုက် သူ့လူတွေကို လဲလှယ်ပစ်နေတဲ့သူ။ အာဏာတည်မြဲရင်ပြီးရော ပြည်သူလူထုကို ရက်ရက်စက်စက်နဲ့ သတ်ဖြတ်နေတဲ့သူ။
ဒီကအာဏာရှင်တွေရဲ့ ဘုရားတန်ခိုး တရားတန်ခိုးနဲ့ ထာဝရကံကောင်းမယ် လို့ စိတ်ထွက်ပေါက် ရှိကြသလိုပဲ။ သူတို့ လာဘ်လာဘတွေပေးပြီး ဖျက်ဆီးထားတဲ့ မင်းဆရာ ဘုန်းကြီးသံဃာ အတုအယောင်များရဲ့ ဂါထာ မန္တာန် ဗေဒင် ယတြာများနဲ့အတူ မိမိကိုယ်ကို အန္တရာယ်ကင်းပြီး ဘုန်းမီးနေလ တောက်ပရမယ် လို့ ယုံကြည်ထားတာမျိုးလိုပေါ့။
ဒီ စစ်ဗိုလ်ချုပ်ကြီးကလည်း အိပ်မက်တခုရှိတယ်။ ဘာလဲဆိုတော့ အဲဒီအိပ်မက်ထဲမှာ သူ့‌သက်တမ်းကို သိတယ်။ ယင်းအပိုင်းအခြားမရောက်သရွေ့ သူ့ကို ဘယ်သူမှ လုပ်ကြံလို့ မရလို့ ဆိုတယ်။
တကယ်လည်း အံ့အားတော့ အံ့အားသင့်စရာပါပဲ။ အာဏာရှင်လူစုတ်ကြီးက ပြုတ်ကျသွားချိန်မှာတော့ တကယ်မသေခဲ့ပါဘူး။ အာဖရိကတိုက်မှာ Butcher of Uganda ၊ Butcher of Africa ၊ Black Hitler ၊ အာဖရိက ပိုပေါ့ပ် အစရှိတဲ့ ဘွဲ့တံဆိပ်များစွာကို ရရှိဆွတ်ခူးခဲ့တဲ့ စစ်အာဏာရှင်ကြီးဟာ အဆုံးမတော့ ပြည်ပြေးဘဝနဲ့ပဲ ဟိုရှောင်ဒီရှောင်လုပ်ရင်း 2003 ခုနှစ်ကျမှပဲ ဆော်ဒီနိုင်ငံမှာ ဘဝနိဂုံးချုပ်သွားပါတယ်။
ကျနော်ပြောချင်တာကတော့ ယခုရုပ်ရှင်က သမိုင်းကြောင်းဆိုတာထက် အော်စကာဆုရစေအောင် သရုပ်ဆောင်ပြသွားတဲ့ Whitaker ရဲ့ အမူအယာ ပုံသဏ္ဍာန်တွေကို ပိုမိုချဉ်းကပ်ကြည့်စေချင်တာပါ။ စစ်အာဏာရှင်များရဲ့ ပုံပန်းနဲ့ စရိုက်လက္ခဏာဆိုတာဟာ အသားအရောင်၊ ဘာသာစကားသာ ကွဲပြားသွားမယ် ထပ်တူကျ တူညီနေတဲ့အကြောင်းကို မြင်သိလိုက်ရတာမျိုးပါ။ ခံစားကြည့်ရှု့သူ ကျတော့််အဖို့တော့ အာဏာရှင် မအလ ကို မြင်နေသလိုမျိုးနဲ့ အံ့ဩစက်ဆုပ်ရင်းဖြင့်သာ ရုပ်ရှင်ကို စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်စွာနဲ့ ကြည့်ရှု့ခဲ့ရတယ်။ ရုပ်ရှင်ထဲက အာဏာရှင်ကြီးကတော့ စခန်းသိမ်းသွားခဲ့ပြီ ဖြစ်ပေမဲ့ လက်တွေ့ဘဝထဲက ရုပ်ရှင်ထဲမှာတော့ သူ့ကိုယ်ပွါး မအလက သူ့ထက်တောင် သာလွန်စရာရှိတဲ့ ရက်စက်ကောက်ကျစ်မှုတွေ၊ အရှက်တရား ကင်းမဲ့မှုတွေနဲ့အတူ ပြည်သူလူထုကို နှိပ်စက် ညှင်းပန်းနေဆဲပါပဲ။
ရုပ်ရှင်ရည်ညွှန်း- The Last King of Scotland Movie (2006)

Have any thoughts?

Share your reaction or leave a quick response — we’d love to hear what you think!

Related Posts

Leave a Comment